Covid-19 ကြိုတင်ကာကွယ်နိုင်ရေး စည်ပင်သာယာရေးဌာနမှ ဈေးများတွင် အသိပညာပေးမှုများ ဆောင်ရွက်

တာချီလိတ် ဩဂုတ်  ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်း ဟင်းသီးဟင်းရွက်နှင့် ယာယီ သား/ငါး ဈေးတွင် ပြည်သူများအား Covid-19 ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ လူတိုင်းတပ်ဆင်ရေး နှိုးဆော်ခြင်းများကို ယနေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 

တာချီလိတ်မြို့ စည်ပင်သာယာရေးဌာနမှ ဈေးရောင်း ဈေးဝယ်များ နှာခေါင်းစည်း(Mask) များ တပ်ဆင်ကြရန် နှိုးဆော်ခြင်း၊ သတ်မှတ်နေရာများ၌ စနစ်တကျရောင်းချစေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး သတိပေးချက်များ နှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်း အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်းကို ဈေးကော်မတီနှင့်ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသည်။

Covid- 19 ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရန်အတွက်  "မိမိကစ ကာကွယ်ပါ" ဆောင်ပုဒ်အတိုင်း လူတိုင်း (Mask)နှာခေါင်းစည်းများတပ်ဆင်ကြရန်၊ လက်ဆေးကြရန်၊ လူစုလူဝေးဖြစ်စေခြင်းမှရှောင်ကျဉ်ပါ စသည့် သတိပေးချက်များနှင့် ကူးစက်ရောဂါအကြောင်း ပိုမိုသိရှိနားလည်စေရန်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)