မွန်ပြည်နယ်ဝန်ကြီးချုပ် ရေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး ကြည့်ရှူစစ်ဆေး

ရေး  ဇန်နဝါရီ  ၁၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က ရေးမြို့နယ်၊ အနင်းကျေးရွာရှိ လမ်းခင်းကျောက် ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊ ဒေသခံ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် လူမှူစီးပွားဘဝ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးကြရန်နှင့် ဒေသအကျိုးပြု လုပ်ငန်းများအား တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ်ကရင်- မော့ကနင် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ကြည့်ရှု၍ မော့ကရင်ကျေးရွာရှိ ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန် ပစ္စည်းများအပြင် အခြားထုတ်ကုန်များ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပတင်ပို့နိုင်ရေးအတွက် လိုအပ်သည့် သယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်နိုင်ရေး တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေးမြို့နယ်၊ သပြေကျေးရွာရှိ Southern Myanmar Development ကုမ္ပဏီလီမိတက်မှ အဆိုပါကျေးရွာများသို့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနေမှု အခြေအနေအား လည်းကောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် စီမံကိန်း အစီအစဉ်အရ Jetty နှင့် LPG  Floating Storage ဆောက်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်မှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။