ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် နေမှု အားသွားရောက်ကြည့်ရှု

တောင်ကုတ်   ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တောင်ကုတ်မြို့နယ်သို့ရောက်ရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ကုတ်မြို့နယ် ဦးစီးမှူးရုံးမှ ရန်ခေါ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကိုသွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်ခင်းစီမံချက်အောင်မြင်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပျောက်ပျက်မှု ရှိပါက အလွယ်တကူလာရောက် ဆောင်ရွက်နိုင်ရန် မိမိတို့ဌာနအနေဖြင့် အမြဲတမ်းတံခါးဖွင့်ထားပါကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်ချက်များရှိ ပါကတင်ပြ ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများက သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် လက်ရှိအသုံးပြုနေသော သောက်သုံး ရေကန်အား ပြန်လည်တူးဖော်နိုင်ရေး၊ ကျေးရွာအဝင်လမ်းကို ကွန်ကရစ်လမ်း အဖြစ်အဆင့်မြှင့်တင်ပေးနိုင်ရေးနှင့် ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအား (မူလွန်) ကျောင်းအဖြစ် အဆင့်မြှင့်တင်ပေးရေးတို့တင်ပြရာ ပြည်နယ်လူမှုရေးရာ ဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးပြီးနောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများ၊ ရန်ခေါ်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများတက်ရောက် ခဲ့ကြောင်းသိရသည်။

စန်းဝင်း(ပြန်/ဆက်)