ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၉၅၇၃) ဧကရေပေးဝေနေသည့် မင်းရဲမြောင်းအား မြောင်းပုံစံကျ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည်   ဇန်နဝါရီ   ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ (၉၅၇၃)ဧက ရေပေးဝေနေသည့် မင်းရဲမြောင်းအား မြောင်းပုံစံကျ သဲနုန်းတူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်တူးဖော်ပေးလျက်ရှိကြောင်း သိရှိရသည်။

သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်(၇၅)သန်း အကုန်အကျ ခံကာလူအင်အားဖြင့် အလျား(၈၀၀၀)ပေ၊ စက်ယန္တယားဖြင့် အလျား(၁၉,၀၀၀)ပေ၊ စုစုပေါင်း အလျား(၂၇၀၀၀)ပေ အတွင်းရှိ သဲနုန်း မြေကျင်းပေါင်း(၁၅၈၂၄)ကျင်း တူးဖော်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမင်းရဲမြောင်းအား မြောင်းပုံစံကျ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြောင်းဘောင်များ ကြံ့ခိုင်ပြီး စိုက်ပျိုးရေများ ပေးဝေရာတွင် ရေစီးရေလာပိုမိုကောင်းမွန်ကာ သတ်မှတ် ရေပမာဏ ပြည့်ဝစွာ ပေးဝေနိုင်မည်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)