နမ့်ခမ်းမြို့၌ ရက်လုပ်ပူဇော်မည့် ဉာဏ်တော်(၂၄)ပေရှိ မဟာလာဘမုနိ နှီးဘုရား တည်ဆောက် ရန် လုပ်အားဒါနဖြင့် လာရောက် ကုသိုလ်ပြုကြသူများပြား

နမ့်ခမ်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၇) ရပ်ကွက်၊ မိုခမ်းရပ်ရှိ ဇေယျသုခကျောင်းတိုက်၌ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ယပ်လုပ်ပူဇော်မည့် ဉာဏ်တော် (၂၄)ပေအမြင့်ရှိ မဟာလာဘမုနိ နှီးဘုရား တည်ဆောက်ရက်လုပ်ရာတွင် မြို့နယ်အတွင်းမှ ဗုဒ္ဓဘာသာဝင် ပြည်သူအများအပြား လာရောက်၍ လုပ်အားဒါန ကုသိုလ်ပြုသူများ များပြားလျက်ရှိကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ ဇေယျသုခကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တဝိနယာစာရ၏ ဦးဆောင်မှုဖြင့် အဂ္ဂမဟာသဒ္ဓမ္မဇောတိကငွေရတု ဗိမာန် ကျောင်းတော်တွင် ဉာဏ်တော်(၂၄)ပေရှိ မဟာလာဘမုနိ နှီးဘုရား ရက်လုပ်ပူဇော်နိုင်ရန် လိုအပ်သည့် ဝါးများ ခုတ်ခြင်း၊ သယ်ယူခြင်း၊ ခွဲခြမ်းစိပ်ဖြာခြင်း ဆောင်ရွက်နေလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ခုတ်ယူလာသည့် ဝါးများကို ခွဲခြမ်းစိပ်ဖြာကာ နှီးအချောများ ပြုလုပ်နေ၍ ဗုဒ္ဓဘာသာဝင်  ပြည်သူများက တစ်ရက်လျှင် လူငါးရာဦးကျော်မှ လာရောက်ပြီး လုပ်အားဒါနပြု ကုသိုလ်ယူနေလျက်ရှိပြီး လာရောက် လုပ်အားဒါနပြု ကုသိုလ်ယူကြသူများကို နံနက်စာနှင့် နေ့လယ်စာ သက်သတ်လွတ် ထမင်းဟင်းဖြင့် တည်ခင်းကျွေးမွေး ဧည့်ခံပေးနေပြီး အခြားမှ စေသနာရှင်များကလည်း တတ်နိုင်သော စားဖွယ်သောက်ဖွယ်များ လာရောက်လှူဒါန်း ဧည့်ခံ ပေးလျက်ရှိကြောင်းဟု နှီးဘုရားဆောက်လုပ်ရေးကော်မတီ ဂေါပကတစ်ဦးက ပြောပြသည်။

နမ့်ခမ်းမြို့ရှိ ဇေယျသုခကျောင်းတိုက် ကျောင်းထိုင်ဆရာတော်က ကျောင်းတော်တွင် နှီးဘုရား တစ်ဆူ ရက်လုပ်ပူဇော်နိုင်မည် ဖြစ်သည့်အတွက် ဝမ်းသာပါကြောင်း၊ ယခု ယပ်လုပ်နေသည့် မဟာလာဘမုနိ နှီးဘုရား ပြီးမြောက်နိုင်ရန် အဖက်ဖက်မှ ဝိုင်းဝန်းကူညီကြသည့် ဗုဒ္ဓဘာသာဝင် သူတော်စင်များကိုလည်း ကျေးဇူးတင်ပါကြောင်းနှင့် ရပ်ဝေးရပ်နီးမှ ကုသိုလ်ရှင်များကိုလည်း ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြပါရန် ဖိတ်ကြားအပ်ပါကြောင်းဟု မိန့်ကြားခဲ့ကြောင်း သိရှိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)