ဟိုပန် ဇန်နဝါရီ ၁၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင် ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့် အညီ "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန် ခရိုင်၊ ဟိုပန်မြို့နယ်၊ လဝကဝန်ထမ်းများမှ မိန်းပန်လွယ် ရပ်ကွက်နှင့် ရုံးကုန်းရပ်ကွက်များ၌ ယမန်နေ့ နံနက်ပိုင်းက အသက်(၁၆)နှစ်အထက် ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ "ပန်းခင်း" စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးညွန့်မှ ကြီးကြပ်၍ ဒေသခံပြည်သူများအား မြန်မာနိုင်ငံသားများ ဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး "ပန်းခင်း" စီမံချက်နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပြည်သူများမှ ကူညီပေးရမည့် အချက် အလက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အရေးပါမှုများကို စည်းရုံးရေး စစ်ကြောင်း အသွင်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ် လဝက ဝန်ထမ်းများက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရန် ကျန်ရှိသည့် အသက်(၁၆)နှစ် အထက် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် "ပန်းခင်း" စီမံချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃)ရက်နေ့မှ ယနေ့အထိ အိမ်ထောင်စု လူဦးရေစာရင်း(၂၃၁) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၃၅၈)ခုတို့ကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများသို့လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)