ရသေ့တောင်မြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်

ရသေ့တောင်   ဇန်နဝါရီ  ၁၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းသိန်းမောင် ဦးဆောင်၍ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်း က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၆)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၂၀၈)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရသေ့တောင်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား အရှိန်အဟုန်မြှင့်ပြုလုပ်ပေးလျက်ရှိရာ ယနေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၂၀၅)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၆၃၃)ခုတို့အား ဒေသခံပြည်သူများသို့ ထုတ်ပေးပြီးစီးခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အောင်စံထွန်း