နမ္မတူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

နမ္မတူ  ဩဂုတ် ၂၅

စာအုပ်စာပေ ဝါသနာပါသူ အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစည်း၍ စာရေးဆရာ ချစ်ဦးညို၏ “ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက စာအုပ်တစ်အုပ်ပေါ်တွင် တစ်ဦးနှင့်တစ်ဦး မတူညီသည့် အတွေးအမြင်သစ်များရှိကြောင်း၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိလာစေရန် ရည်ရွယ်၍ စာအုပ်စာပေ ဝါသနာပါသူ အဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ကျင်းပရာ (Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်အောင်က စာအုပ်ပါ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးပြီး အဖွဲ့ဝင် ကဗျာဆရာ ဦးစိုင်းခွန်ဖ၊ (Woman Club)အဖွဲ့ဝင် ဒေါ်သိန်းသိန်းဝင်းနှင့် (Youth Club)အဖွဲ့ဝင် ဦးကျော်ညီညီသန့်တို့က အသီးသီးဆွေးနွေးခဲ့ကြပြီး လေ့လာသူများအဖြစ် တက်ရောက်လာ ကြသော အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေး များက မိမိတို့ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသည့် ဝါသနာတူ (Club) အဖွဲ့ဝင်များက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)