ငါန်းဇွန် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် ပြည့်ပြီးသူများအားလုံးကို မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယ အကြိမ်၊ ပဉ္စမအသုတ် ဒုတိယအကြိမ်နှင့် ဆမအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံ၊ မြို့သာဇုံ၊ ငါန်းမြာဇုံ၊ ခြင်္သေ့လက်ဇုံ၊ သားကျင်ဇုံ၊ ဂျိုဇုံ၊ သံဘိုဇုံ၊ ရေလည်သောင်ဇုံနှင့် ကုလားရွာဇုံ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက်(၁၈)နှစ်နှင့် အထက် စတုတ္ထအသုတ် ဒုတိယအကြိမ် (၃၁)ဦး၊ ပဉ္စမအသုတ် ဒုတိယအကြိမ် (၂၉၇) ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၂၄၃)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ငါန်းဇွန်မြို့နယ်တွင် ဒီဇင်ဘာ ၁၄ ရက်နေ့မှ ဇန်နဝါရီ ၁၈ ရက်နေ့အထိ စတုတ္ထအသုတ် ဒုတိယအကြိမ် (၁၁၃၅) ဦး၊ ဇန်နဝါရီ ၁၃ ရက်နေ့မှ ၁၈ရက်နေ့အထိ ပဉ္စမအသုတ် ဒုတိယအကြိမ် (၈၆၁) ဦးနှင့် ဆမအသုတ် ပထမအကြိမ် (၅၉၄) ဦးအား ကာကွယ်ဆေး ထိုးနှံပြီးကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)