ဖယ်ခုံမြို့နယ် အ.ထ.က ကျောင်းများ၌ Covid-19 ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ဖယ်ခုံ သြဂုတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျွန်တော်တို့ ဒီနေ့ဖယ်ခုံမြို့နယ်မှာ ဖွင့်လှစ်ခွင့်ရတဲ့အခြေခံကျောင်းတွေ ဆက်လက်ပြီးတော့ Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်မှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းဖြစ်ပါတယ်ဟု မြို့နယ်ပညာရေးမှူး ဦးလှမြင့်က ပြောကြားသည်။

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပစ္စည်းများနှင့် ဌာနမှ ရန်ပုံငွေချထားပေးပြီး ဖြစ်ကြောင်း၊ ပညာရေးဌာနအနေဖြင့် မိမိဌာန၊ မိမိကျောင်းမှစတင်ပြီး ဖြစ်ပွားမှုမရှိစေဖို့အတွက် တာဝန်ရှိ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ပြီး လိုက်လံစစ်ဆေးကြပ်မတ်ခြင်းဖြစ်ကြောင်း ပညာရေးမှူးက ဆက်လက် ပြောကြားသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဖယ်ခုံမြို့အမှတ်()နှင့် အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကောင်းစံ ကိုယ်ပိုင်အထက်တန်းကျောင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုးဗြဲအခြေခံပညာ အထက်တန်း ကျောင်း၊ လမ်းပြကြယ်ကိုယ်ပိုင် အထက်တန်းကျောင်းတို့ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည်။ ဖယ်ခုံ မြို့နယ်အတွင် အခြေခံပညာအထက်တန်းကျောင်း ရှစ်ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း ရှိကြောင်း သိရှိရသည်။

ဖယ်ခုံမြို့နယ်အနေနဲ့ကတော့ အခြေအနေကောင်းပါတယ်။ အားလုံးတော်တော်များများ ကျောင်း တွေ ကတော့ စည်းကမ်းတွေကိုလိုက်နာကြတာတွေ့ရပါတယ်။ အဓိကအရေးကြီးတာကတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေက တိတိကျကျလိုက်နာရင် Covid-19 ရောဂါကနေပြီးတော့ ကင်းဝေး သွားမှာဖြစ်ပါတယ်ဟု မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဦးက ပြောကြားသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လွင်၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ်ပညာရေးမှူး ဦးလှမြင့်နှင့် တာဝန်ရှိသူများတို့က ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုထွေး(ဖယ်ခုံ)