ဟိုပန် ဩဂုတ် ၂၆
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ Covid-19 ကာကွယ် ထိန်းချုပ်ကုသရေးနှင့် Covid-19 စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မိုးစပါး (RS-CS) မျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်နေသော တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးစရိတ် ထောက်ပံ့ ငွေပေးအပ်ပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ပထမဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းမြက Covid-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို လည်းကောင်း၊ Covid-19 ကာလ အတွင်း တောင်သူများ အခက်အခဲ မရှိစေရန်၊ ဒေသဝမ်းစာ ဖူလုံစေရေးအတွက် မျိုးစပါးများကို နည်းစနစ် မှန်ကန်စွာဖြင့် အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဟိုပန်မြို့နယ်အတွင်း မျိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူ(၃၄)ဦး အား ပထမအကြိမ် တစ်ဧက လျှင် မျိုးစေ့ဖိုးငွေကျပ်(၈၅၀၀)နှင့် စိုက်ပျိုးစရိတ်လုပ်ခငွေကျပ်(၇၅၀၀၀)ကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ များ က ထောက်ပံ့ပေးအပ်ခဲ့သည်။ ဟိုပန်ခရိုင်တွင် မျိုးစေ့ထုတ်စပါးဧက(၇၀)စိုက်ပျိုးထားရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်