ဆီဆိုင် ဇန်နဝါရီ ၁၈
အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဟော်မြောက်ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်ဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကြင်တို့က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်း များပညာပေး သင်တန်းဖွင့်လှစ်ရခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် အကြောင်းအရာများအားရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသားများအနက် ထူးချွန်သူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ ပင်စုံကျေးရွာ အုပ်စုနှင့်နောင်ကျောကျေးရွာအုပ်စု အတွင်းရှိကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး စာတွေ့ လက်တွေ့ (၇)ရက်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)