နမ္မတူတွင် အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး

နမ္မတူ ဇန်နဝါရီ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်းက စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက်(၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်အတွင်းနှင့် ကျေးရွာအုပ်စုများ အတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများအား  COVID Shield အမျိုးအစားကာကွယ်ဆေး တစ်လုံးလျှင် လူဦးရေ (၁၁)ဦးနှုန်းဖြင့် ပထမအကြိမ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၅၅၄ ဦး၊ ကျောင်းသား/ကျောင်းသူ ၁၀၉၄ ဦး၊ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၅၀၁ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၈၂ ဦး၊ စုစုပေါင်းကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၄၂၃၁ ဦးရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

လူမော် (ပြန်/ဆက်)