မိုင်းခုတ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများနှင့်် စာပေဝါသနာရှင်များ အသိပညာဗဟုသုတ များတိုးပွားရရှိစေရန်၊ စာဖတ်ချင် စိတ်များ ဖြစ်လာစေရန် ရည်ရွယ်ကာ ယနေ့တွင် မိုင်းခုတ်မြို့ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် စာရေးဆရာမ ခင်စောတင့်၏ ''ဆုံးဖြတ်ဖို့ခက်ခဲနေမယ်ဆိုရင်'' စာအုပ်အား မိတ်ဆက်ရိုက်ကူးကာ လွှင့်တင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေါ်ယဉ်ယဉ်ဝင်းက မိတ်ဆက်ရိုက်ကူး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး စာဖတ်သူများအနေဖြင့် စိတ်ဓာတ် ခွန်အားများ မြင့်မားလာစေရန်၊ တစ်စုံတစ်ခု ကို ဆုံးဖြတ်ရန်ခက်ခဲနေလျှင် ဆောင်ရွက်ရမည့် တိကျပြတ်သားသည့်နည်းလမ်းများ၊ လူမှုဆက်ဆံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြည်သူများသိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ် ကာလ အတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာဖတ်ပရိတ်သတ် များအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ကာ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပုံပြော၊ ကဗျာ ရွတ်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးလုပ်ငန်းများကို ရိုက်ကူးကာ Online မှတစ်ဆင့် လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)