ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး ပြည်သူများ သိရှိဆောင်ရွက်ရန် မြန်မာ၊ ပအိုဝ်းနှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်

ပင်လောင်း ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မြန်မာ၊  ပအိုဝ်း နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက်နှင့် မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါသည် ကူးစက်မှုနှုန်းမြန်ပြီး ရောဂါဖြစ်ပွားပါက အလွန်ပြင်းထန်နိုင်သော ကြောင့် ရောဂါကူးစက်မှုမရှိအောင် ပြည်သူများ မဖြစ်မနေ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊  နေအိမ်တွင်း၌သာ နေထိုင်ရန်၊ လူစုလူဝေးသည့်နေရာများ ရှောင်ကြဉ်ကြရန်၊ ပြင်ပမှ လာသော ဧည့်သည်များ လက်မခံကြရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းမျက်စိကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ထိတွေ့ခြင်းမပြုကြရန်၊ ရောဂါပိုး ကူးစက်ခံ နေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်နှင့် ဆောင်ရန်/ ရှောင်ရန်အချက်များကို မိဘပြည်သူများ သိရှိစေရန် မြန်မာနှင့် ပအိုဝ်းဘာသာတို့ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။                                                                                         

မြို့နယ်(ပြန်/ဆက်)