ဇမ္ဗူသီရိ ဩဂုတ် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အလျင်လိုကျေးရွာတွင် ဝက်များတွင်အဖြစ်များသည့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် (၁၀) နာရီတွင် အဆိုပါကျေးရွာစာကြည့်တိုက်၌ ဖွင့်လှစ်ခဲ့သည်။
အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး သင်တန်းတွင် ပြည်ထောင်စုနယ်မြေ ဦးစီးဌာနမှူးရုံး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ ဌာန၏ ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ အာဖရိကဝက်အပြင်းဖျား ရောဂါနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါ၊ ဝက်အားနည်းရောဂါ (PCV2) ရောဂါကနေ့ လူကိုကူးစက်နိုင်ခြေမရှိကြောင်း စသည့် အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်မင်းက အခြေခံရောဂါကာကွယ်မှု နည်းလမ်းများ၊ ဝက်ကူးစက်ရောဂါများ ကာကွယ်တားဆီးရန် လိုက်နာရမည့် စည်းကမ်းများ၊ ဝက်မွေးမြူသူများ လိုက်နာရမည့် စည်းကမ်းများ၊ ဝက်သယ် မော်တော်ယာဉ်ပိုင်ရှင်/ယာဉ်မောင်းသူများ လိုက်နာ ရမည့် စည်းကမ်းများ၊ ဝက် ဝယ်/ရောင်း လုပ်ငန်းလုပ်ကိုင်နေသူများ လိုက်နာရန်စည်းကမ်းများ၊ သားသတ်ခုံ/ရုံလုပ်ငန်းလုပ်သူများ လိုက်နာရန်စည်းကမ်းများအား အသေးစိတ်ရှင်းလင်း ပို့ချခဲ့သည်။
အဆိုပါသင်တန်းကို အလျင်လိုကျေးရွာအတွင်းရှိ ဝက်မွေးမြူရေးလုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ (၁၆) ဦး တက်ရောက်သင်ကြားပြီး မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက တက်ရောက်လာသူများအား လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးကာ မြို့နယ်ဦးစီးမှူး ဒေါက်တာလှိုင်မင်းက အဆိုပါသင်တန်းသားများအား သင်တန်းဆင်းလက်မှတ် များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)