ကျောက်မဲ ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ဖေါက်လုပ်ထားသည့် မန်တုံ-မုံးဝီးလမ်းမှ စေကော်-ဟူးလိန် လမ်းနှင့် ဟူးလိန်-ပန်ကူ-နောင်ချို-ကုန်ပေါင်း လမ်းတိုအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ အဖွဲ့ဝင် ဦးခင်ဇော်လှိုင်၊ နမ့်ဆန်မြို့နယ် တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြခဲ၊ကျောက်မဲခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများမှ ယမန်နေ့ကကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မန်တုံ-မုံးဝီးလမ်းမှ စေကော်-ဟူးလိန် မြေသားလမ်း ၁ မိုင် ၄ ဖာလုံအား မန်တုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် မဟာလင်းလက်နိုင် ကုမ္ပဏီမှလည်းကောင်း၊ ဟူးလိန်-ပန်ကူ-နောင်ချို-ကုန်ပေါင်း မြေသားလမ်း ၂ မိုင် ၇ ဖာလုံ အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းများအား ဖေါက်လုပ်ပေးခဲ့ခြင်းကြောင့် ဟူးလိန်၊ ပန်ကူ၊ နောင်ချိုနှင့် ကုန်းပေါင်းကျေးရွာရှိ ဒေသခံပြည်သူ အိမ်ထောင်စု ၂၄၉ စု ၊ လူဦးရေ ၁၃၁၅ ဦး တို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုလျက် ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)