ရန်ကင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ရန်ကင်း ဇန်နဝါရီ ၁၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်တွက် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရန်ကင်းမြို့နယ်အနေဖြင့် ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်ရှိပြီး ရပ်ကွက်များအတွင်း နေထိုင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ရန်ကင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြောင်းအမျိုးမျိုးကြောင့် မထိုးနှံရသေးသည့် ပြည်သူများအား ပထမအကြိမ် စတင်ထိုးပေးခဲ့ကြောင်းသိရသည်။ အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးလျက် ရှိသည်။

လှလှထွေး(ပြန်/ဆက်)