မြစ်သား ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြစ်သားမြို့နယ် ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ တို့ပူးပေါင်းပြီး ရှေးဦးသူနာပြုစုနည်းအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲမှူးသူရငြိမ်းက အရိုးကျိုးခြင်းအကြောင်းရင်း၏ ရှေးဦးသူနာပြုစုနည်း ဖြစ်သည့် တိုက်ရိုက်အချိန်ကြောင့်ကျိုးခြင်း (အရိုးနှင့်အရာဝတ္ထု)ကျိုးခြင်း၊ သွယ်ဝိုက်သောအချိန်ကြောင့် အရိုးကျိုးခြင်း (လက်ထောက်လဲသောအခါ ညှပ်ရိုး ကျိုးခြင်း)၊ ကြွက်သားရှုံ့တွခြင်းကြောင့် အရိုးကျိုးခြင်း(ခြေဖဝါးကြွက်သားများ လျင်မြန်စွာရှုံ့တွလိုက်ခြင်းကြောင့် ခြေဖမိုးအရိုးကျိုးခြင်းတို့မှ အရိုးအပွင့် ကျိုးခြင်းဖြစ်သည့် ဒဏ်ရာအားပြုစုရာတွင် လှုပ်ရှားမှု နည်းနိုင်သမျှနည်းအောင်ပြုစုပြီး မိမိလုပ်ဆောင်ချက်များကို ရှင်းလင်း၍ အားပေးစကားပြောရန် လိုအပ်ကြောင်း၊ အပွင့်ဒဏ်ရာအား ပြုစုရာတွင် လက်အိတ်သို့မဟုတ် သန့်ရှင်းသောကြွပ်ကြွပ်အိတ် အသုံးပြု၍ ကိုင်တွယ်ရကြောင်း ပိုးသတ်ထားသော ဆေးထည့် ပိတ်ပါးစနှင့် ပိုးမဝင်စေရန် သန့်ရှင်းစွာပြုစုပြီး သွေးများထွက်နေပါက သွေးတိတ်စေရန် ပြုစုပေးရမည်ဖြစ်ကြောင်း၊ အရိုးများ ငေါထွက်နေပါက ကရွတ်ခွေခံ၍ ပတ်တီးစည်း ရမည်ဖြစ်ကြောင်း၊ သွေးဆုတ် သွေးလန့်ခြင်းများ ပြုစုရာတွင် ခြေထောက်အစိတ်အပိုင်း ကျိုးနေသောလူနာအား ကြပ်စည်းပြီးမှ ရှေ့ပိုင်းကို မြှင့်၍ ပြုစုရကြောင်း ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပေးပို့ရကြောင်းနှင့် အပွင့်ကျိုးခြင်း၏ လက္ခဏာများကို အသေးစိတ်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)