မိုင်းရှူး ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း မရှိသေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းတွင် မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများအား သွေးစစ်ပေးခြင်း/ဓာတ်ပုံရိုက်ကူးပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် မိုင်းရှူးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းက နိုင်ငံသားစိစစ်ရေးကတ်ပြား အရေးပါမှုကို ကျောင်းသား/ကျောင်းသူများအား ဟောပြောရှင်းလင်းပြီး လ/ထ လဝကမှူး ဦးသိန်းဟန်ဝင်း အပါအဝင် ဝန်ထမ်း(၅)ဦးမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်ကိုင်ဆောင်ထားရှိနိုင်ရေး အထောက်အထားများ စိစစ်ကာ ပြုလုပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နီချစ်နှင့် အဖွဲ့ဝင် ဦးခွန်လှိုင်တို့ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)