မုံးထမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်

မုံးထ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ (အိုမီခရွန်) ရောဂါပိုး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာ၊ ရှမ်းနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့သည်။

ထိုသို့ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေးများ ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံ ဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့်  ပြည်သူလူထုအနေဖြင့်  ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများ ထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက် ခြင်းမှ ရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင် ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်စသည့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို လှည့်လည် အသိပေး နှိုးဆော်ခဲ့သည်။

အဆိုပါ အသိပေးနှိုးဆော်မှုကို မုံးထမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများအား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇော်မင်းထွန်း (ပြန်/ဆက်)