ငါန်းဇွန် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေး လျှက်ရှိရာ ယမန်နေ့ နံနက် ၈နာရီအချိန်မှစ၍ ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်၌ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးလှသိန်းနှင့် ဝန်ထမ်းများက အမှတ်(၂)ရပ်ကွက်အတွင်းရှိ ပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်ခြင်း လုပ်ငန်းများကို နေအိမ်များအရောက် ကွင်းဆင်းဆောင်ရွက်ပေးရာ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)