ရန်ကုန် ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ် အထက်နှင့် အသက်(၄၀) အထက် ရဟန်းရှင် လူပြည်သူများအား လူမျိုးဘာသာမရွေး ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက်နေ့၌ အနန္တဂုဏ်ရည် စာသင်တိုက်နှင့် လယ်တီ ဝိပဿနာစာသင်တိုက်တို့မှ အသက်(၁၂)နှစ် အထက် သံဃာများနှင့် (၁၈)နှစ်အထက် ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် အသက်(၁၂)နှစ်အထက် သံဃာတော် (၁၆၉)ပါးနှင့် သီလရှင် (၁၀)ပါး၊ စုစုပေါင်း(၁၇၉)ပါးနှင့် (၁၈)နှစ်အထက် ဆရာတော်၊ သံဃာတော်(၃၅)ပါးနှင့် သီလရှင်(၂၅)ပါး၊ စုစုပေါင်း(၆၀)ပါးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ထိုးနှံ ခဲ့ခြင်းဖြစ်သည်။
သံဃာတော်များအား ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ တင်မူမြင့်တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရပဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)