နမ့်စန်(တ) ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စု နေ့အထိမ်းအမှတ် အား/ကာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု မဲနှိုက်ရွေးချယ်ပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက မြို့နယ်အတွင်း လူငယ်ရွက်ပုန်း သီး အားကစားသမားကောင်းများ ဖော်ထုတ်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေးနှင့် မြို့နယ်လက်ရွေးစင် ကစားသမားများ ရွေးချယ်နိုင်ရေးတို့အတွက် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် ဘောလုံးပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်အလိုက် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက်ကြီးကြပ် ရေးမှူး ဦးအေးချမ်းနိုင်က ဘောလုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြား ခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲအတွက် အသင်းအုပ်စုခွဲခြင်းကို မဲနှိုက်၍ ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲ ပွဲစဉ်ဇယားရေးဆွဲခဲ့ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီတွင် စတင်ကျင်းပမည် ဖြစ်ကာ ရပ်ကွက်နှင့် ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်