တံတားဦး ဇန်နဝါရီ ၁၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီက အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ( Covidshield )နှင့် ပဉ္စမအသုတ် Sinopharm (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည် ။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း ၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတစေတနာရှင် လူမှုရေးအသင်းများတို့ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။
တံတားဦးမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်) Covidshield ကာကွယ်ဆေးနှင့် ပဉ္စမအသုတ် Sinopharm (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးခြင်းတို့ကို နံနက်(၉)နာရီမှ မွန်းလွဲ(၃)နာရီအချိန်ထိ ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည် ။
ရဲတင့်(တံတားဦး)