ကျောက်ဆည် ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီခွဲက စာဖတ်ရှိန်မြင့်မားရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာအုပ်၊ စာပေများဖတ်ရှုခြင်းအားဖြင့် အသိပညာ ဗဟုသုတများကြွယ်ဝစေပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရင့်သန်လာမှာဖြစ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာ ပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်၊ စာပေများဖတ်လေ့လာခြင်းကြောင့် ဘဝတွင်အောင်မြင်ထူချွန်သူများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဗွီနိုင်းပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိ ရသည်။
သက်မောင်(ကျောက်ဆည်)