တာလေမြို့တွင် အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်း​ပြည့် ဆောင်ရွက်ပြီးစီး

တာလေ    ဇန်နဝါရီ   ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့၏ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရပ်ကွက်များအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာရေးဌာနမှ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ လျာထားဆောင်ရွက်လျက်ရှိရာ အမှတ် (၄) ရပ်ကွက် မတ်တန်းရွာတွင်းလမ်း အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

အမှတ်(၄) ရပ်ကွက်၊ မတ်တန်းကျေးရွာရှိ ရွာတွင်းလပ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်း လုပ်ငန်းမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လအတွင်း စည်ပင်သာယာရေးဦးစီးဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၃ ဒဿမ ၂၂ သန်းဖြင့် ရေမြောင်းအရှည် ၂၃၃ ပေ၊ အကျယ် ၁ ပေ၊ အနက် ၁ ပေ ၆ လက်မရှိ ရေမြောင်းအား တာ​လေမြို့နယ်ခွဲ စည်ပင်သာယာရေးဦးဌာနမှ ဇန်နဝါရီ ၇ ရက်က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုတွင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

အဆိုပါ အမှတ်(၄) ရပ်ကွက်၊ မတ်တန်းကျေးရွာအတွင်း အုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ကာလအတွင်း ရေမြောင်းအား စံချိန်စံညွှန်း များနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို နှင့် စည်ပင်သာယာရေးဌာန မြို့ဦးစီးမှူး ဦးမနားရွှီးတို့က ကွင်းဆင်းစစ်ဆေးကြရာ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ယွန်းမီမီက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)