စာရေးဆရာ အောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာဖတ်ဝိုင်း ကျင်းပ

ချမ်းအေးသာစံ    ဇန်နဝါရီ   ၁၈

စာရေးဆရာ အောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာအုပ်စာပေကို ချစ်မြတ်နိုးပြီး အသိပညာဗဟုသုတများ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လစဉ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်ကာ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ယင်းစာအုပ်တွင် ပါဝင်သော "နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်၏ လူငယ်" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် စာကြည့်တိုက်မှူး ဒေါ်မို့မို့အောင်က  လူငယ်များ အားလပ်ချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချစေရန်အတွက် "ကျောင်းသားလူငယ်တွေ" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်စိမ့်စိမ့်မိုးက " ပညာသင်ကြားမှုဆိုတာ . . . " ခေါင်းစဉ်ကို ဆွေးနွေးခဲ့သည်။      

ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရန်အတွက် ပြည်သူများဖတ်ရှု လေ့လာသင့်သည့် သုတရသ စာအုပ်ကောင်းများကို ရွေးချယ်ကာ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်လိုသော ပြည်သူများကို ဖိတ်ခေါ်၍ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့် ကျင်းပဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဆိုပါ အခမ်းအနားသို့ မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများ၊ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင် (ပြန်/ဆက်)