သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်

သီပေါ      ဇန်နဝါရီ     ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ကာကွယ် ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိရာပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေအတွက်ပြည့်ဝစွာ ထိုးနှံကြပါရန် စသည့်အချက်များအား အသိပညာပေးခြင်းများကို နှိုးဆော်ခဲ့ကြကြောင်းသိရသည်။

ခင်လေး (သီပေါ၊ပြန်/ဆက်)