ကော့မှူးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇန်နဝါရီ ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီက စာပေ ချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက် များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ (တာဝန်ပေး) ဒေါ်ဇာခြည်စိမ့်က ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ် စာစောင်များ ဖတ်ရှုလေ့လာပြီး ဗဟုသုတ အတွေးအမြင်များ ရရှိစေရေးနှင့် စာအုပ် စာစောင် များကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင် ဦးခင်‌‌ဇော်က အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးသွားဖော်) ရေးသားသည့် စိတ်နှလုံး အေးချမ်းပါစေ စာအုပ်မှ စင်ကြယ်မှုစွမ်းအား ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်နှင်းနှင်းသူမှ အကောင်းတွေနဲ့ တွေ့ကြပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်ထွေးရီမှ မြတ်နိုးစွာ တန်ဖိုးထားပါ ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းမှ အဖွဲ့ဝင် ဦးခင်ဇော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်သူရ ကော့မှူး