ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ဒဿမ ၄၇ ရာခိုင်နှုန်း ရှိပြီဖြစ်

ကျောက်မဲ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက်မပြတ် ထိုးနှံပေးခဲ့ရာ  ဇန်နဝါရီ ၁၅ ရက်နေ့အထိ ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု ၅၀ ဒဿမ ၄၇ ရာခိုင်နှုန်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လုံးဝထိုးနှံခြင်း မပြုရသေးသည့် သူများနှင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကို ကျောက်မဲ မြို့ကျက်သရေ ဆောင်ခန်းမ၊ နောင်ပိန်တိုက်နယ်ဆေးရုံ၊ မိုင်းလုံမြို့၊ မိုင်းငေါ့မြို့ရှိ သတ်မှတ်စုရပ်များတို့တွင် ‌ကာကွယ်ဆေးများ နေ့စဉ်ပုံမှန်ဆက်လက် ထိုးနှံပေးသည့် အပြင် မိုဘိုင်း ဆေးထိုးအဖွဲ့များဖြင့် လည်း ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် ဇန်နဝါရီ ၁၅  ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၅၄၃၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)