မောင်တော ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန် ခရိုင်မီးသတ်ဦးစီးမှူး ရုံးတွင် ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မောင်တောခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး သန့်ဇင်က ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အနေ ဖြင့် သင်တန်းမှ (ဆင့်ပွား) ပို့ချပေးမည် ဘာသာရပ်များအား သင်တန်းကာလအတွင်း သတ်မှတ်အချိန်၊ နေ့ရက်များအလိုက် စနစ်တကျ လေ့လာသင်ယူကြရန် စသည့်တို့ကို မှာကြားခဲ့သည်။ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ထွန်းရွှေခိုင်က မိမိတို့မြို့နယ် အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီအရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ကူညီဆောင်ရွက်နိုင်ရေး ကိစ္စရပ်များစသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပို့ချပေးရခြင်း ဖြစ်ကြောင်း ပြောကြားပြီးရှာဖွေ ကယ်ဆယ်ရေး (ဆင့်ပွား) ပို့ချမည့် သင်တန်းနည်းပြ ဒုတိယမီးသတ်ဦးစီးမှူး ဇော်ဦးလှိုင်က သင်တန်းစည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ရှာဖွေကယ်ဆယ်ရေး (ဆင့်ပွား) သင်တန်းကို ခရိုင်/မြို့နယ်၊ နယ်မြေမီးသတ်စခန်း များမှ သင်တန်းသား ၂၀ ဦးက တက်ရောက် သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ ထိ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)