ကျောက်မဲ ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ရပ်ကွက်တာဝန်ရှိသူများက မြို့နယ် အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးများ မဖြစ်မနေ ထိုးနှံကြရေး အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့ပေါ်နှင့်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့က ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေး အခြေခံစည်းကမ်းများအတိုင်း မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း ၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စက္ကန့် (၂၀) ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ၂ ကြိမ် စလုံးပြည့်မီအောင် ထိုးနှံကြရန်လှည့်လည်ကာ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ မတွေ့ရှိရတော့သည်မှာ ရက်သတ္တပါတ် ၂ ပါတ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)