အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobics ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တော်ပိုင်း) လွိုင်လင်ခရိုင် အမျိုးသမီးအားကစားဆပ်ကော်မတီနာယကဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobics ပြိုင်ပွဲ ဆုပေးပွဲကို ဇန်နဝါရီလ ၁၆ ရက်မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

အစီအစဉ်အရ ရှေးဦးစွာ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း Aerobics ပြိုင်ပွဲ၌ ငါးဦးတွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် လဲချားမြို့နယ်အသင်း၊ သုံးဦးတွဲပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် လွိုင်လင်မြို့နယ်အသင်းနှင့် တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လွိုင်လင် မြို့နယ်အသင်းများက ပြန်လည်ကပြဖျော်ဖြေကြပြီးနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ငါးဦးတွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းများအား ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ကလည်းကောင်း၊ သုံးဦးတွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းများအား မြို့နယ်အမျိုးသမီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်နှင်းဝင့်ဝင့်ဆွေ ကလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ တွင်ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ခရိုင်အမျိုးသမီး အားကစားဆပ်ကော်မတီ အဖွဲ့ဝင် ဒေါ်နန်းဦးခမ်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးက လည်းကောင်း၊ အသင်းလိုက် တံခွန်စိုက်ဖလားရရှိသည့် လဲချားမြို့နယ်အသင်းအား ခရိုင်အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ဒေါ်ခင်လှိုင်းဝေ ကလည်းကောင်း အသီးသီး ဆုများပေးအပ်ကြသည်။ ယင်းနောက် မှတ်တမ်းတင် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီးနှင့်မိုင်းရှူးမြို့နယ်များမှ ပြိုင်ပွဲဝင်အမျိုးသမီး(၇၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ငါးဦးတွဲ၊ သုံးဦးတွဲနှင့် တစ်ဦးချင်းပြိင်ပွဲဟူ၍ အမျိုးအစားသုံးမျိုးဖြင့် ဇန်နဝါရီက ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့ နံနက်ပိုင်းများတွင် ကျင်းပခဲ့သည်။

လွိုင်လင်မိုး