မဘိမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မဘိမ်း     ဇန်နဝါရီ    ၁၇         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က မဘိမ်းမြို့ အခြေခံပညာအထက် တန်းကျောင်း၊ မြသီတာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများက စာရင်းရေးသင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးထဲတွင် ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ဦးစွာဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်နှင့် ပညာရေးဝန် ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး အထက (မဘိမ်း)စုရပ်တွင် ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ‌ကျောင်းသား၊ ကျောင်းသူ(၁ဝ) ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ‌ကျောင်းသား၊ ကျောင်းသူ(၇ဝ)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၈ဝ)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac)များ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးရန် ကျန်ရှိသည့် ‌ကျောင်းသား၊ ကျောင်းသူများကိုလည်း သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 မျိုးမင်း