မောက်မယ် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်း၌ အိုမီခရွန် ( OMICRON)COVID-19မျိုးဗီဇပြောင်းရောဂါ ကူးစက်ပျံ့နှံ့မှုအားကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မီးသတ်ဦးစီးဌာနနှင့် နမ့်ခုံးရှမ်းများ ပရဟိတအသင်းဝင်များတို့က ပူးပေါင်း၍ မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများအား အိုမီခရွန်(OMICRON)COVID-19မျိုးဗီဇပြောင်းရောဂါဆိုင်ရာ သတင်းအချက် အလက်များကို ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာရန် ယနေ့နံနက် ၈ နာရီကစတင်၍ မြို့ပေါ် ကုန်းလမ်းရပ်ကွက် ၊ မိုက်ဟုန်းရပ်ကွက် ၊ ဆီဆုံရပ်ကွက်နှင့် တောင်မြို့ရပ်ကွက်အတွင်း အသံ ချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့နိုးဆော်ရာတွင် အိုမီခရွန်(OMICRON)COVID-19မျိုးဗီဇပြောင်းရောဂါဆိုင်ရာ လက္ခဏာ များနှင့်ပတ်သက်၍ အိုမီခရွန်သည် မူလCOVID-19 နှင့်လုံးဝမတူတော့ခြင်း၊ လက်ရှိ ကာကွယ်ဆေး များ၏ထိရောက်မှုလျော့ကျနိုင်ခြင်း ၊ ယခင် COVID-19 ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်း ၊ ရောဂါကူးစက်မှုပိုမိုမြန်ဆန်ခြင်းတို့ကြောင့် လူစုလူဝေးရှောင်ခြင်း ၊ မလိုအပ်ဘဲမသွားမလာခြင်း ၊ ပြင်ပထွက်တိုင်းMaskတပ်ခြင်း ၊ လက်ကိုမကြာခဏဆေးကြောခြင်း ၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေ အကွာနေထိုင်ခြင်း ၊ အခွင့်အရေးရရှိပါက ကာကွယ်ဆေး ထိုးနှံကြရန်စသည့် အချက်အလက်များအား အသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် အသိပညာပေးနိုးဆော်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)