ရေး ဇန်နဝါရီ ၁၇
မွန်ပြည်နယ် ရေးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ လပတ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး က အစည်းအဝေးအဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအတူ ပူးပေါင်းဆောင်ရွက်ကြမှသာ မိမိတို့မြို့ရွာ အေးချမ်းသာယာ ဝပြောမည်ဖြစ်ကြောင်း ပြောကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးမှ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆွေးနွေးခြင်းနှင့် မြို့နယ်တရားသူကြီး ဦးစိုင်းလုံတစ်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး တစ်နိုင်ငံလုံးရှိ တရားရုံးများတွင် နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးဝင်း က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်မှု အခြေအနေနှင့် ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာ စာရေး ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်