မိုင်းခတ် သြဂုတ် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှမြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးချေးငွေ ကျပ်သိန်း(၄၀၀) ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး ကောင်းမြင့်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန ကျိုင်းတုံခရိုင်မှူးဒေါက်တာမျိုးနိုင်ကCovid -19 ကာလစီးပွားရေး ပြန်လည် ကုစားမှု အနေဖြင့် မြစိမ်းရောင် အသားကဏ္ဍမွေးမြူရေး ချေးငွေများ အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်တာဝန်ရှိသူများက မြစိမ်းရောင်ချေးငွေ ကျပ်သိန်း(၄၀၀)အား တစ်ဦးလျှင်(၅)သိန်းနှုန်းဖြင့် ချေးငွေလူဦးရေ စုစုပေါင်း(၈၀)ဦး အား တစ်လလျှင်အတိုးကျပ်(၂၅၀၀)နှုန်းဖြင့် သုံးလတစ်ကြိမ် ပေးသွင်းရမည် ဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး မြစိမ်းရောင်မွေးမြူရေးချေးငွေများ ပေးအပ်ခဲ့ ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မွေးမြူရေးနှင့်ကုသရေး ဦး စီးဌာန ကျိုင်းတုံခရိုင်မှူး ဒေါက်တာမျိုးနိုင်၊ မိုင်းခတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနဒေါက်တာသက်ဝင်းမောင်နှင့် ဝန်ထမ်းများ၊ ချေးငွေချေးယူသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မိုးဒေ (ပြန်/ဆက်)