ရန်ကင်းမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်(Sinnovac) ဆက်လက် ထိုးနှံပေးလျက်ရှိ

ရန်ကင်း ဇန်ဝါရီ ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် တွက် အသက်(၄၀)နှစ်နှင့် အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်၉နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း ရှိမိုးကောင်းဆု တောင်းပြည့်စေတီတော်ဝန်းအတွင်းရှိ သာသနာဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရန်ကင်းမြို့နယ်အနေဖြင့် ရပ်ကွက်ပေါင်း (၁၅)ရပ်ကွက်ရှိပြီး ရပ်ကွက်များအတွင်း နေထိုင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းလတ်၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကင်းမြို့နယ် အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့များ၊မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တစ်ကြိမ်မှမထိုးနှံရသေးသူများအား စိစစ်ပြီး မွန်းလွဲ ၁ နာရီမှ နေ့လယ် ၃နာရီအထိ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်ဆီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေး များ ထိုးနှံပေးလျက်ရှိသည်။

လှလှထွေး