စစ်တွေ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်တွေ  ဇန်နဝါရီ ၁၇

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ခမ်းအနားကို စစ်တွေမြို့ ဝေသာလီအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ၏  ပထမအကြိမ် အစည်းအဝေး ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက် အချက် ၂၀ ကို ဆုံးဖြတ်နိုင်ခဲ့ပါကြောင်း၊ ဆုံးဖြတ်ချက်ပါ အတိုင်း လုပ်ငန်းကော်မတီအလိုက် တိတိကျကျနှင့် မြန်မြန်ဆန်ဆန်ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပ်အပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင်လည်း စေတနာထားပြီး စနစ်တကျဆောင်ရွက်ပေးကြစေလိုကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားနှင့် စပ်လျဉ်း၍ အချက် ၄ ချက်ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီက လမ်းညွှန်းထားပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ဖြစ်ပွားမှုကြောင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် ကျင်းပမည့် နိုင်ငံတော်အလံတင် အခမ်းအနား၊ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား၊ ညစာစားပွဲ အခမ်းအနားများ၌ အခမ်းအနား စီစဉ်ဆောင်ရွက်သူများ၊ အခမ်းအနားသို့ တက်ရောက်လာမည့် ဧည့်သည်တော်များနှင့် ကျန်းမာရေး ဆပ်ကော်မတီ၊ ကူးစက်ရောဂါ နှိမ်နင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းအဖွဲ့မှ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ကျန်းမာရေးဆိုင်ရာ ကြိုတင် ကာကွယ်လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို လိုက်နာဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီက ညွှန်ကြားထားရှိသည့်အတွက် အလေးထား လိုက်နာဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ အလိုက် လုပ်ငန်းတာဝန်များနှင့် အခြားဖြည့်စွက် ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စများကို အသေးစိတ် ဆွေးနွေးတင်ပြကြစေလိုကြောင်းနှင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းတာဝန် ပေးအပ်ထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် လစ်ဟမှုမရှိစေရေး ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက ၁/၂၀၂၂ အစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြားတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တက်ရောက်လာကြသည့် ကော်မတီဝင်များက  ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။ တင်ပြဆွေးနွေး ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)