ကျိုက်မရော၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကျိုက်မရော       ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အတွက် ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရက်ကွက်များနှင့် လူစည်ကားရာ လမ်းဆုံများတွင် လှည့်လည် အသိပေးခဲ့ကြသည်။

ထိုသို့ပညာပေးနှိုးဆော်ရာ၌ ယခုလတ်တစ်လော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးသည် အခြားသော နိုင်ငံများမှတစ်ဆင့် မိမိတို့နိုင်ငံအတွင်းသို့ မကူးစက်နိုင်ရေးအတွက် ပြည်သူလူထုများမှ ပူးပေါင်းပါဝင်မှသာ ထိန်းချုပ်နိုင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အဆိုပါအိုမီခရွန်ရောဂါအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ၊ မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ပေးလျက်ရှိသည့် အသိပညာပေး သတင်းများကို နေ့စဉ်ကြည့်ရှု နားထောင်ကြရန်၊ မိမိနှင့်မိမိပတ်ဝန်းကျင်ရှိလူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်အရေအတွက် အပြည့်ထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန်တို့ကို လက်ကိုင်အသံချဲ့စက်များသုံး၍ လှည့်လည် နှိုးဆော်ခဲ့ကြသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)