မြစ်သား ဇန်နဝါရီ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနခြံသို့ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
ထိုသို့ လာရောက်ကြည့်ရှုစစ်ဆေးရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ဝါသီးနှံသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခြင်း၊ မြစ်သားစိုက်ပျိုးရေးသုတေသန ခြံတာဝန်ခံ ဒေါ်ဆွေဆွေမြင့်က စိုက်ပျိုး ရေးသုတေသနခြံတွင် ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ၎င်းတင်ပြချက်များအပေါ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများအား ကျန်းမာရေး အထူးဂရုစိုက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် မြစ်သားစိုက်ပျိုးရေးသုတေသနခြံတွင် စိုက်ပျိုးထားရှိသည့် ဝါထွက်သီးနှံမျိုးကောင်း၊ မျိုးသန့် ဝါမျိုးစေ့များနှင့် စိုက်ပျိုးထားရှိသောဝါသီးနှံစိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)