ရန်ကုန် ဇန်နဝါရီ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံချက်အပေါ် ဆန်းစစ်လေ့လာခြင်းလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးအောင်က မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ လမ်းပေါ်နေကလေးများအနေဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ရရှိစေရေးအတွက် စစ်တမ်းကောက် ယူရာတွင် စနစ်တကျကောက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကလေးများ၏ နောက်ကွယ်မှ အခက်အခဲများကို သိရှိရန်လိုအပ်ပြီး တောင်းရမ်း ခိုင်းစေမှုများကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားဖို့ လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်စန်းစန်းထွေးက ရန်ကုန်တိုင်းဒေသကြီးတွင် ရှေ့ပြေးစီမံချက်နယ်မြေအဖြစ် မြို့နယ် ၄ခု သတ်မှတ် ဆောင်ရွက်လျက်ရှိရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ဖြစ်ကြောင်း၊ လမ်းပေါ်နေကလေးများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းအပြင် မိဘအုပ်ထိန်းသူများအား အသိပညာ ပေးခြင်း၊ ရန်ပုံငွေလျာထားတောင်းခံခြင်း၊ ကျောင်းပြင်ပပညာရေးနှင့် သက်မွေး ဝမ်းကြောင်း ပညာများသင်ပေးခြင်း၊ သင်တန်းကျောင်း/ ယာယီစောင့်ရှောက်ရေးဂေဟာများသို့ ပို့အပ်ခြင်းနှင့် တောင်းရမ်းရန်စေခိုင်းသူများအား အရေးယူခြင်းတို့ကိုပါ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုမာက စစ်တမ်းကောက်ယူရမည့် အချက် အလက်များအားရှင်းလင်းဆွေးနွေးပေးခဲ့သည်။ ထို့နောက် အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး၊ မြို့နယ်ပညာရေးမှူးတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ လမ်းပေါ်နေကလေးများ စစ်တမ်းကောက်ယူ မှုများကို တာဝန်ရှိသူများက နှစ်ပတ်အတွင်းကွင်းဆင်း ကောက်ယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)