မြင်းခြံ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ ဇန်နဝါရီ ၁၇ ရက်နေ့တွင် အသံချဲ့ စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် နာရေးကူညီမှုအသင်းတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေအပြင်ထွက်ပါက နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောကြရန်၊ လူစုလူဝေးရှိရာနေရာများသို့ မသွားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ရောဂါကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)