သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

သံဖြူဇရပ် ဇန်နဝါရီ ၁၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃နာရီက လမ်းဆုံလမ်းခွနေရာများ၌ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

သတိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပြီဖြစ်သော်လည်း ဗီဇပြောင်းမျိုးကွဲသစ် ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံ နိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါကို ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရန်နှင့် အိုမီခရွန်ဗီဇပြောင်း ရောဂါပိုးနှင့်ပတ်သက်၍ မိဘပြည်သူများအနေဖြင့် အလွန်အမင်း စိုးရိမ်ကြောင့်ကြခြင်းမပြုဘဲ တစ်ဦးချင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အခြေခံ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာခြင်း၊ သံသယရောဂါ လက္ခဏာရှိသူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျရရှိလာသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကျန်းမာရေး ဌာနသို့ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပညာပေး လိုက်လံနှိုးဆော်ပေးသည်။

အေးအေးမွန်(ပြန်/ဆက်)