မိတ္ထီလာ ဇန်နဝါရီ ၁၇
မိတ္ထီလာခရိုင်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲ စိုက်ဧက လေးသောင်း သုံးထောင်ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင် ၊ သာစည်၊ ဝမ်းတွင်းမြို့ နယ်များမှ ကျေးလက်နေတောင်သူများ ဆောင်းသီးနှံကုလားပဲကို မိုးသီးနှံများ သိမ်းဆည်း ပြီးချိန် စီးပွားဖြစ် စိုက်ပျိုးလာလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲကို အောက်တိုဘာလ ပထမအပတ်မှ စတင်၍ စိုက်ပျိုး လျက်ရှိရာ မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက ၂၅၈၂ ဧက၊ မလှိုင်မြို့နယ်တွင် ၁၄၂၈ ဧက ၊ သာစည်မြို့နယ်တွင် ၁၈၉၅၄ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၂၀၇၅၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ရာ ယနေ့အထိ မိတ္ထီလာခရိုင်တွင် ဆောင်းကုလားပဲစိုက်ဧက ၄၃၇၁၈ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ဆောင်းသီးနှံဖြစ်သည့် ဆောင်းကုလားပဲကို မိတ္ထီလာ မြို့နယ်တွင် ၂၂၃၀ ဧက၊ မလှိုင်မြို့နယ်တွင် ၁၀၆၁ ဧက၊ သာစည်မြို့နယ်တွင် ၁၉၆၅၇ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ၂၃၀၂၆ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)