နမ့်ဆန် မတ်(၁၈)
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မြန် အဆုတ်ရောင်ရောဂါအကြောင်း အသိပညာပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီက တရုတ် ဘာသာစကားစာသင်ကျောင်း၌ ပြုလုပ် ဆောင်ရွက်သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မြင့်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းကောင်းများကို ဟောပြောပြီး မြို့နယ် ပြန်/ဆက် ဓါတ်ပုံကျွမ်းကျင်-၂ ဦးအောင်မိုးက စာကြည့်တိုက်အကြောင်း သိကောင်းစရာများ၊ နွေရာသီကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်သို့ ပြင်ပဗဟုသုတ လာရောက်ဆည်းပူးလို့ရသည့် အကြောင်းဟောပြောသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ခေါင်းဆောင် ဦးခင်မောင်နှင့် ဦးညီညီတို့က မိုင်းအန္တရာယ်အကြောင်း၊ စစ်ကျန်လက်နက် ပစ္စည်းအကြောင်း၊ မိမိပတ်ဝန်းကျင်တွင် မိုင်းဟုယူဆရသော ပစ္စည်းများတွေ့ရှိပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို နံရံကပ်ပိုစတာများဖြင့် ရုပ်ပုံပြအသိပညာပေးဟောပြောခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါအကြောင်း မှတ်သားဖွယ်ရာများ၊ နံရံကပ်ပိုစတာများကို ကျောင်းပြင်ပလူမြင်သည့်နေရာများတွင် ကပ်ထားပြီး အသိပညာပေးလက်ကမ်းစာစောင်တို့ကို ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)