မိုင်းလုံမြို့၌ အိုမီခရွန်(Omicron) ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

မိုင်းလုံ  ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ချက်များကို ယနေ့ နံနက် ( ၉ ) နာရီ အချိန်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှုရှိပြီး အခြားနိုင်ငံများတွင် ထပ်မံတွေ့ရှိရသည့် မျိုးဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန်ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် စတင်တွေ့ရှိလာသည့်အတွက် ကြိုတင် ကာကွယ်နိုင်ရန် ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော     ရောဂါကာကွယ်ရေး နည်းလမ်းများနှင့် အညီ နေထိုင်ကြရန်၊ အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် လုံးဝမတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ဖူး သူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်း၊  ကာကွယ်ဆေးများကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝရရှိစေရန် ကာကွယ်ဆေးထိုးနှံပေးလျက် ရှိရာပြည်သူများအနေဖြင့် မပျက်မကွက် အကြိမ်အရေအတွက် ပြည့်ဝစွာထိုးနှံကြပါရန်နှင့်  ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း ဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်စသည့်အချက်များကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဇော်ဇော်