မအီ ဇန်နဝါရီ ၁၇
မူလတန်းကြို ရှေ့ဦးအရွယ်ကလေးသူငယ်များ ကာယစွမ်းရည်နှင့် ဘက်စုံဖွံ့ဖြိုးမှုများ ရရှိလာစေရန် ရည်ရွယ်၍ မူကြိုကလေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့၊ အထက်တန်း ကျောင်းရှေ့ အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားတွင် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကား ပြောကြားရာတွင် မူလတန်းကြိုကျောင်းကို ပို၍ရေရှည် တည်တံ့ခိုင်မြဲလာစေရန် ကိုယ်ထူကိုယ်ထ မူကြိုအဖြစ်မှ လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု အစိုးရမူကြိုအဖြစ် ရပ်တည်သွားနိုင်ရန် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ ထိုသို့ကြိုးစားကြရာတွင် ကော်မတီဝင်မိဘများ အနေဖြင့် သက်ဆိုင်ရာ မြို့မိမြို့ဖများနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း၊ မိမိအနေဖြင့်လည်း တတ်နိုင်သည့် အခြေအနေများကို ကူညီဆောင်ရွက်ပေးသွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချစ်စုလွင်က ရှေ့ဦးအရွယ်ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးမှု ရရှိစေရန်နှင့် မူလတန်းကြို ကျောင်းများ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားပြိုင်ပွဲများကို ကျင်းပပြီး ဆုရရှိသည့် ကလေးငယ်များကို တာဝန်ရှိသူများက ဆုများ အသီသီး ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မအီမြို့၊ အမှတ်(၂) မူလတန်းကြိုကျောင်းမှာ ယခင်နှစ်များက ကလေးသူငယ်များ၏ မိဘများနှင့် ကော်မတီဝင် ရပ်မိရပ်ဖများ၏ ဝိုင်းဝန်းထောက်ပံ့မှုများဖြင့် မူကြိုကျောင်း၏ ကိစ္စအရပ်ရပ်များကို ရှင်သန်ရပ်တည်ခဲ့ခြင်းဖြစ်၍ အကူအညီအထောက်အပံ့များမှာ လိုအပ်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် မအီမြို့ဒေသခံ အရှင်ဥတ္တရဝံသ(သုတဂဝေသီ)မှ ဦးစီးပဓာနနာယကပြုကြီးမှူးသည့် "သုတဂဝေသီ ပညာရေး ဖောင်ဒေးရှင်း" မှ မူကြိုကျောင်း ရေရှည်တည်တံ့ ခိုင်မြဲရှင်သန်စေရန် ရည်ရွယ်၍ ကျောင်း၏လိုအပ်ချက်များကို တာဝန်ယူ အထောက်အပံ့ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူကြိုအတွက် အဆောက်အအုံသစ် တစ်ခုကိုလည်း ကျောင်းအုပ်ကြီး၏ ခွင့်ပြုချက်ကိုရယူပြီး မအီမြို့၊ အထက်တန်း ကျောင်းဝင်းအတွင်း၌ ပြင်ဆင်မွမ်းမံလျက်ရှိရာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပါကြောင်းတို့ကို အဆိုပါဖောင်ဒေးရှင်းမှ ကိုကျော်စွာထွန်း ကပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် ရှေ့ဦးကလေးသူငယ်များ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မအီမြို့ပေါ်ရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက် ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်မူကြို ကလေးငယ်များ(၂၈)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။
သိန်းထွန်းအောင်