ဟိုပန်၌ အသက်(၈၅)နှစ်အထက်အဘိုးအဘွားများအား လူမူရေးပင်စင်နှင့် အာဟာရမုန့်များ ဆက်လက်ထောက်ပံ့

ဟိုပန် ဇန်နဝါရီ ၁၇

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးကောင်းမွန်၍ အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး  လူမူရေးပင်စင်ငွေနှင့် အာဟာရမုန့်များကို ယမန်နေ့က  အိမ်တိုင်ရာအရောက် ဆက်လက်ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပ့ံပေးအပ်ရာတွင်  ဟိုပန်မြို့ပေါ်ရှိ မိန်းပန်းလွယ်ရပ်ကွက်နှင့် ပန်လုံလမ်းရပ်ကွက် များအတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွား(၉)ဉီးတို့အား "၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးနှင့် ခရိုင်၊ မြို့နယ်အဖွဲ့ဝင်များနှင့်  ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ မြို့နယ်ဦးစီမှူး ဒေါ်မြကေခိုင်နှင့် ဝန်ထမ်းများ ပူးပေါင်းကာ   ၂၀၂၁-၂၀၂၂ခုနှစ်၊ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက်  လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ သုံးသောင်းကျပ်စီနှင့် အာဟာရမုန့်အမျိုးမျိုးတို့အား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်အတွင်းတွင် အသက်(၈၅)နှစ်အထက်အဘိုးအဘွားစုစုပေါင်း(၇၆)ဦးရှိရာ ၎င်းတို့အား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်‌ကျေးစာရေးများမှတစ်ဆင့်  ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)